We need ...

March 31 မှာတော့ wifi ပြန်သုံးလို့ ရနေပြီ ဖြစ်၏။ လျှပ်စစ်မီးတော့ ပြန်မရသေးပေ။ တပတ် ကြာမယ်၊ နက်ဖြန် သဘတ်ခါ လာမယ် အစရှိသဖြင့် ပြောနေကြသူတွေလည်း ရှိ၏။ ရယ်ရတာက မြို့ခံ EPC ကတောင် ဘယ်ရက် ပြန်လာမယ် ဆိုတာ မသိ၊ မပြောနိုင် နေပေ။ လျှပ်စစီမီး ပြန်မရသေးပေမယ့် wifi လေး ရတော့ မဆိုးဟု ပြောလို့ရ၏။ Mobile data က ကောင်းလိုက် မကောင်းလိုက်နဲ့ ပြီး ကျနော့် အိမ်မှာက phone line မကောင်းပေ။ မဆိုးဘူး ဆိုပေမယ့်လည်း ဆိုးတာပါပဲ။

Internet ပြန်ရတော့ အဆက်ပြတ်နေသည့် သတင်းတွေကို သိခွင့်ရလေတော့၏။ သတင်းတွေနဲ့ အဆက်မပြတ်တာ ကောင်းပေမယ့် ခုက မင်္ဂလာ သတင်းတွေမှ မဟုတ်ဘဲကိုး။ ဘယ်နေရာမှာ ဘယ်လောက် ပျက်စီးတယ်၊ ဘယ်နှယ်ယောက် သေကြေတယ်၊ ဘယ်သူတွေတော့ ပျောက်ဆုံးနေသေးတယ်၊ အစားအစာ ဆေးဝါး အခြေခံ အသုံးအဆောင် လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ် အစရှိသဖြင့်ပေါ့။

စိတ် အဆင်မပြေချိန်မျိုးမှာ ငလျင်သတင်းတွေကို အနည်းငယ်လောက်သာ ကြည့်ဖို့ ပညာရှင် အချို့က သတိပေးထား ပေမယ့် နောက်ကျသွားခဲ့ပြီ။ New feed တိုင်းမှာ ဒီသတင်းတွေချည်းပင်။ မနေနိုင်ဘဲ လိုက်ကြည့် လိုက်ဖတ် မိရက်သား ဖြစ်သွား၏။ ဘယ်သူ မရှိတော့ဘူး၊ ဘယ်သူ့ကို ခုထိ ကယ်လို့ မရသေးဘူး ဆိုတာတွေ မြင်ရတော့ ဝမ်းနည်းရ၏။ မြန်မာ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို လက်အုပ်ချီ ကန်တော့ပြီး တောင်းဆိုသည့် မြန်မာအလုပ်သမား ခေါင်းဆောင်၏ ဓါတ်ပုံ သတင်းကို မြင်ရတော့ မျက်ရယ်က အလိုလို ကျလာ၏။ ရွှေမြန်မာတွေ ခမြာ ဘယ်နေရာ သွားသွား ဘေးဒုက္ခနဲ့ကို မလွတ်ပေ။ ဝဋ်ကြွေးတွေ ရှိရင်လည်း ကျေပါစေတော့။

ဝမ်းနည်းစရာ သတင်းတွေကြား ဝမ်းသာစရာ သတင်းတွေလည်း တကွက်တလေ ပေါ်ပေါ်လာတာလည်း ရှိ၏။ ဘယ်သူ့ကိုတော့ ကယ်ထုတ်လို့ ရသွားပြီ ဆိုတာမျိုးပေါ့။ မသေဘဲ ပြန်တွေ့တဲ့သူတွေ အတွက် ဝမ်းသာရပေမယ့် သေကွဲ ကွဲရတဲ့ သူတွေ အတွက်တော့ အဘယ်သို့ ဖြေဆည် ရမည်နည်း။ တချို့ဆို တမိသားစုလုံးထဲမှာ တယောက်ပဲ အသက်ရှင် ကျန်ရစ်တာမျိုး ရှိ၏။ သူဆို ဘယ်လို စိတ်မျိုးနဲ့ ဆက်လက်ရှင်သန် နေထိုင်ရပါမည်နည်း။ တွေးကြည့်ရုံနဲ့ မွန်းကြပ်လို့ လာ၏။ စိတ်ဒဏ်ရာက ကြီးလွန်းလှပေ၏။

ဝမ်းနည်း စရာသတင်းတွေကြား စိတ်ဆိုး ဒေါသထွက်စရာ သတင်းကလည်း ပေါ်လာခဲ့သေး၏။ ပြည်သူတွေမှာ ငလျင်ဒဏ်ကြောင့် ဒုက္ခ ‌ပင်လယ်ဝေနေပါတယ်ဆိုမှ စကစက လေယာဉ်ပျံနဲ့ ဗုံးကျဲသတဲ့‌။ လူစိတ် လုံးဝမရှိသူတွေပင်။ လူသားချင်း စာနာထောက်ထားဖို့ ဆိုတာ ဝေလာဝေးပင်။ ပြည်သူတွေက သူတို့ကို ဘာများ လုပ်ခဲ့လို့လဲ။ အရင်လည်း သူတို့က ဗုံးကျဲနေကြပါပဲ။ ဒါပေမယ့် ခုဟာက သဘာဝဘေးဒဏ် ခံထားရချိန်လေ။ လေယာဉ်ပျံမောင်းသူ အနေဖြင့် ဘယ်လို စိတ်မျိုးနဲ့များ ယခုအမှုကို လုပ်ဆောင်နိုင် ရက်လေသနည်း။

မြေပြင်မှာ သာလွန်နိုင်ခြင်း မရှိတော့သဖြင့် ဝေဟင်ကနေသာ ခုလို လုပ်ရပ်မျိုးကို ပိုမို လုပ်ဆောင်လာတော့၏။ သူတို့ကတော့ အကြောက်တရား သွင်းတာပေါ့။ ဒါပေမယ့် ပြည်သူတွေက ကြောက်တာထက် ပိုမို နာကျည်း၊ မုန်းတီးမှုတွေသာ တိုးပွားလို့ လာလေတော့၏။ ကိုယ်တွေဘက်မှာသာ လေယာဉ်ပစ် လက်နက်လေးသာ ရှိခဲ့ရင် ဒင်းတို့ ခုလို လုပ်ရဲမည် မဟုတ်ပေ။ ဒါမှ မဟုတ် နိုင်ငံတကာက No flying zone သတ်မှတ်ပေးနိုင်ရင်လည်း ကောင်းသား။ ခုတော့ ပြည်သူတွေမှာ ပြေးစရာ မြေမရှိရတဲ့အထဲ ‌ငလျင်ကလှုပ် ဗုံးက လာထပ်ကျဲနဲ့ ဒုက္ခ package က ကုန်ကို မကုန်နိုင်သေးပေ။

(Screenshots from Khit Thit Media Facebook page)



0
0
0.000
7 comments
avatar

ဟုတ်တယ် ဒီအချိန်မှာ မပျံသန်းရဇုံ သတ်မှတ်ပေးဖို့
အကောင်းဆုံးပဲ။
!PIZZA
!MEME

0
0
0.000
avatar

ကယ်ဆယ်ရေးထက် လူသတ်ဖို့ပဲ သုံးတဲ့ လေယာဉ်တွေ။

0
0
0.000